ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, January 8, 2014

စွန့်ဦးလုပ်ငန်းရှင် - မိတ်ဆက် (Entrepreneur - An Introduction)


   “ကျုပ်ရဲ့အခွင့်အလမ်းတွေကို ကျုပ်မြင်လို့ အဲဒါတွေကို ကျုပ်ရယူခဲ့တယ်”။
   ဒီစကားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်လောက်က နယူးယောက်မြို့မှာ သြဇာရှိနိုင်ငံရေးသမား
တစ်ဦးဖြစ်ပြီး၊ တမူထူး အကျင့်ပျက်ချစားခဲ့တဲ့ George Washington Plunkitt (1842-1924) ဆိုသူ
ကနေ၊ သူ့ရဲ့ ‘ရိုးသားတဲ့အကတိလိုက်စားမှု’လို့ တင်စားထားတဲ့ နိုင်ငံရေးနဲ့စီးပွားရေး ရောပွမ်းအသက်
မွေးတဲ့အလုပ်ကို ခြုံငုံပုံဖေါ်ပြီး ပြောခဲ့တဲ့စကားစုပဲ ဖြစ်ပါတယ်။ သူဟာ တကယ့်ကို လူလိမ်လူညစ်တစ်
ယောက် ဖြစ်ခဲ့ပေမယ့်၊ သူ့ရဲ့ တိုတိုနဲ့လိုရင်းရောက်တဲ့ ပြောဆိုချက်လေးကတော့ ကနေ့အချိန်ထိ “စွန့်
ဦးလုပ်ငန်းရှင်”ဆိုတာကို အဓိပ္ပါယ်ဖေါ်ပြတဲ့နေရာမှာ အရေးပါတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်နေဆဲပါ။

   Entrepreneur ဆိုတဲ့စကားလုံးဟာ ၁၃ ရာစု ပြင်သစ်စကားလုံးဖြစ်တဲ့ entreprendre ဆိုတာကနေ
ဆင်းသက်လာတာဖြစ်ပြီး၊ တစ်စုံတစ်ခုလုပ်ရန် (သို့မဟုတ်) တာဝန်ယူရန်လို့ အဓိပ္ပါယ်ရပါတယ်။ (စကား
ချပ် - entrepreneur ကို မြန်မာအဘိဓါန်ထဲမှာ ‘စီးပွားရေးစွန့်စားသူ’၊ ‘စီးပွားရေးစွမ်းဆောင်ရှင်’ စသည်
ဖြင့် အဓိပ္ပါယ်ပြန်ဆိုထားပေမယ့်၊ ဒီဆောင်းပါးထဲမှာတော့ တိုတောင်းထိရောက်စေမယ့် ‘စွန့်ဦးလုပ်ငန်း
ရှင်’လို့ပဲ သုံးစွဲသွားမှာဖြစ်ပါတယ်)။ ဒီစကားလုံးကို ပညာရှင်တွေက ၁၈ ရာစုအဦးပိုင်းမှာမှ စတင်သုံးစွဲခဲ့
တယ်လို့ ယူဆရပြီး၊ “ကိုယ်ပိုင်ငွေကြေးဆုံးရှူံးနိုင်မှုတဲ့ စီးပွားရေးစွန့်စားမှုလုပ်ငန်းတစ်ခုကို လိုလိုလားလား
တာဝန်ယူတတ်တဲ့လက္ခဏာရှိသူ”အဖြစ် ပုံဖေါ်ထားခဲ့ပါတယ်။ ဘယ်လိုဆိုစေ ကနေ့အချိန်မှာတော့ ‘စွန့်
ဦးလုပ်ငန်းရှင်’ ဆိုတာဟာ - အခွင့်အလမ်းတစ်ခုကို သတိမူမိရုံတင်မဟုတ်တော့ပဲ၊ အဲသည်အခွင့်အလမ်း
ကို ရယူဖမ်းဆုပ်နိုင်ဖို့ အစီအစဉ် (သို့မဟုတ်) အဖွဲ့စည်းတစ်ရပ်ကို ဖန်တီးတဲ့သူဖြစ်တယ်လို့ အဓိပ္ပါယ်
ဖွင့်နေကြပါပြီ။

   ဒါကို စံနမူနာပြလို့ရသူတွေထဲ တစ်ယောက်ကတော့ လူသိများတဲ့ Thomas Edison ပဲဖြစ်ပါတယ်။ လူ
အတော်များများက သူ့ကို ဓါတ်ခွဲခန်းထဲမှာ လူတွေသုံးစွဲလို့ရနိုင်မယ့် ဖန်မီးလုံးကို  မနားမနေ စမ်းသပ်
ထုတ်လုပ်ခဲ့သူအဖြစ် သိကြပါတယ်။ ဒါပေမယ့် တီထွင်ဖန်တီးမှုအပိုင်းဟာ Thomas Edison ရဲ့ ပါရမီ
တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။ သူဟာ မြို့ပြလျှပ်စစ်မီးအလင်းပေးဖို့ဆိုတဲ့ စီးပွားရေးအခွင့်အလမ်းကို
လည်း သိမြင်ခဲ့သူဖြစ်ပါတယ်။ ဒီလို လူနေအိမ်တွေကို စီးပွားဖြစ် အလင်းရောင်ပေးခြင်းဆိုတဲ့ အမျှော်အ
မြင်ကို လက်တွေ့အကောင်ထည်ဖေါ်ဖို့ရာ၊ လိုအပ်တဲ့ လူအားငွေအား အရင်းအမြစ်တွေကို အတူတကွ
ပေါင်းစည်းမိအောင် ကုပ္မဏီတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အဲသည်ကုပ္မဏီဟာ ဒီကနေ့ အကြီးမားဆုံး
နဲ့ စွမ်းဆောင်အားကြီးမားတဲ့ ကုပ္မဏီကြီးတွေထဲက တစ်ခုအပါဝင်ဖြစ်တဲ့ General Electric Company
(GEC) ရဲ့ ရှေ့ပြေးပဲဖြစ်ပါတယ်။

   ဒီလို “အခွင့်အလမ်းကိုမြင်ပြီး အစီအစဉ် (သို့မဟုတ်) အဖွဲ့စည်း တစ်ရပ်ကနေတစ်ဆင့် အထိရောက်
ဆုံးဖြစ်အောင် ဖန်တီးအကောင်ထည်ဖေါ်”တဲ့ ပုံသေနည်းတွေကို လက်တွေ့ဘဝမှာ မကြာခဏ တွေ့
နေရပါတယ်။ နောက်နမူနာ တစ်ခုပြောရရင်တော့ Starbucks ပဲဖြစ်ပါတယ်။ အမေရိကန် Seattle မြို့
မှာအခြေစိုက်တဲ့  ဒီကော်ဖီဆိုင်စုလေးတွေရဲ့ မန်နေဂျာဖြစ်သူ Howard Schultz ဟာ ဥရောပကို အပန်း
ဖြေခရီးထွက်ခဲ့ရာမှာ၊ Milan ရဲ့ espresso ကော်ဖီဆိုင်လေးတွေ ရေပန်းစားပုံကို သဘောကျသွားခဲ့ပြီး၊
အမေရိကန်တွေဟာလည်း ဒီလို ဆင်တူယိုးမှား ကော်ဖီဓလေ့စရိုက်နဲ့ အဆင့်တန်းမြင့်မားတဲ့ ကုန်ပစ္စည်း
မျိုးကို နှစ်သက်မှာပဲလို့ ယုံကြည်ခဲ့ပါတယ်။ သူဟာ အမေရိကန်ပြန်ရောက်တာနဲ့ သူ့အလုပ်ရှင်ကို ဒီပုံစံ
သစ်အယူဆအပေါ် စမ်းသပ်ကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီကနေ တွေ့ရှိခဲ့တဲ့ အောင်မြင်မှုတွေကနေ
ခွန်အားရလာတဲ့ Schultz ဟာ၊ ကိုယ်ပိုင်ကုပ္မဏီတစ်ခုထူထောင်ပြီး သူမူလလုပ်ခဲ့တဲ့ Starbucks ဆိုင်စု
ကို နှစ်နှစ်အတွင်းမှာ ဝယ်ယူလိုက်ပါတော့တယ်။ အဲသည် ဝယ်ယူခဲ့တဲ့ ၁၉၈၇ ကနေစပြီး ပုဂ္ဂလိက ငွေ
အရင်းအနှီး စိုက်ထုတ်သူတွေရဲ့အကူညီနဲ့ သူ့ရဲ့အိပ်မက်ကို အကောင်ထည်ဖေါ်ခဲ့ရာမှာ ၂၀၁၃ ခုနှစ် အစ
ပိုင်းထဲမှာတော့ ကမ္ဘာအနှံ့ ဆိုင်ခွဲပေါင်း ၂ သောင်းကျော် ရှိခဲ့ပြီဖြစ်ပြီး၊ နှစ်စဉ်ရောင်းရငွေစုစုပေါင်း ဒေါ်လာ
၁၃ ဘီလီယံကျော်ခဲ့ပါပြီ။ အလားတူပဲ အမြတ်စွန်းများတဲ့ Southwest Airlines လေကြာင်းလိုင်းကို တည်
ထောင်ခဲ့တဲ့ Rollin King နဲ့ Herb Kelleher, Microsoft ကိုတည်ထောင်ခဲ့တဲ့ Bill Gates တို့ဟာလည်း
အင်မတန်လူသိများတဲ့ အလားတူစံနမူနာတွေပဲ ဖြစ်ပါတယ်။

   “စွန့်ဦးလုပ်ငန်းရှင်”ဆိုတာရဲ့ အဓိပ္ပါယ်အပြည့်အစုံကိုကြည့်ရင် အရေးကြီးတဲ့အချက်တစ်ချက်ကိုလည်း
သိမြင်ရမှာဖြစ်ပါတယ်။ အဲဒါကတော့ “စွန့်စားမှု/အရဲစွန့်ခြင်း(risk)” ပဲဖြစ်ပါတယ်။ ဒီစီးပွားရေးကမ္ဘာထဲမှာ
စွန့်စားမှုဟာ ‘အမြတ်အစွန်း’နဲ့‘ဆုံးရှူံးမှု’ နှစ်မျိုးစလုံး ဖြစ်စေနိုင်ပါတယ်။ စွန့်ဦးလုပ်ငန်းရှင်တွေဟာ ပုံမှန်
အားဖြင့် သူတို့ရဲ့အချိန်နဲ့ ကိုယ်ပိုင်ငွေတွေကို ထည့်ဝင်မြုပ်နှံလေ့ရှိပါတယ်။ စွန့်စားလိုက်တဲ့လုပ်ငန်းကိုင်
ငန်း အဆိုးဖက်ရောက်သွားရင် သူတို့ရဲ့ အချိန်နဲ့ချွေးနည်းစာတွေ ဆုံးရှူံးရပြီး၊ အဆင်ပြေချောမွေ့ခဲ့ရင်တော့
အတော်အတန်ကြီးမားတဲ့ အကျိုးအမြတ်ကို ခံစားကြရတတ်ပါတယ်။

   မှတ်တမ်းတင်ထားခဲ့တဲ့ သမိုင်းကြောင်းတစ်လျှောက်ကို ပြန်ကြည့်ရင် ထောင်နဲ့ချီတဲ့ စွန့်ဦးလုပ်ငန်းရှင်
တွေဟာ ဘယ်သူမှမသိလိုက်ပဲ တိမ်မြုပ်နေတတ်ကြပါတယ်။ များသောအားဖြင့် သူတို့တတွေဟာ ပမာ
ဏအားဖြင့် ငယ်ရွယ်လို့သော်၎င်း၊ နယ်မြေအကန့်အသတ် တစ်ခုကိုပဲ ဝန်ဆောင်မှုပေးတာကြောင့်၎င်း
လူသူမသိကြတာ ဖြစ်ပါတယ်။ အဲသည်လုပ်ငန်းငယ်တွေဟာ ဆိုင်ခွဲလေး နည်းနည်းပါးပါးလောက်ပဲရှိတဲ့
စားသောက်ဆိုင်မျိုး၊ လူလေးငါးယောက်နဲ့လည်ပတ်တဲ့ ကွန်ပြူတာဝန်ဆောင်မှုဆိုင်မျိုး၊ မိသားစုပိုင် အခမ်း
နားပစ္စည်းဌားရမ်းမှုနဲ့ အချက်အပြုတ်ဝန်ဆောင်မှုလုပ်ငန်းမျိုး စသည်ဖြင့် ဖြစ်နိုင်ပါတယ်။ သို့သော် သူတို့
တွေဟာ အခြေခံအားဖြင့် ထင်ပေါ်ကျော်ကြားအမွမ်းတင်ခံရတဲ့ အခြားစွန့်ဦးလုပ်ငန်းရှင်တွေနဲ့ ဘာမှမကွာ
ခြားပါဘူး။ သူတို့တတွေအားလုံးဟာ - ငွေကြေးအကျိုးမြတ်ဖြစ်နိုင်မယ့် အခွင့်လမ်းတစ်ခုကိုမြင်ရာက၊ သူ
တို့ရဲ့ကိုယ်ပိုင် အရည်ချင်းတွေဖြစ်တဲ့ အတတ်ပညာ စီမံခန့်ခွဲမှု လူသားအရင်းမြစ်နဲ့ ငွေရင်းငွေနှီးတွေကို
ပေါင်းစပ်စီစဉ်ဖွဲ့စည်းပြီး၊ အမိအရ ဖမ်းယူဆုပ်ကိုင်နိုင်ဖို့ လုပ်ကြတာပါပဲ။ Thomas Edison နဲ့ Bill Gates
တို့ကနေစလို့ စာဖတ်နေသူရဲ့ လူမှုအသိုင်းထဲက ကြံရည်ဖန်ရည်ရှိတဲ့ လုပ်ငန်းရှင်တွေဟာလဲ ဒီအတိုင်းပဲ
လုပ်ခဲ့ကြပါတယ်။ စာဖတ်သူအနေနဲ့လည်း သူတို့လိုဖြစ်ချင်တဲ့စိတ်ဆန္ဒ ပြင်းပြတယ်ဆိုရင်၊ အဲဒီအတိုင်း
လိုက်လုပ်ရမှာဖြစ်ပါတယ်။

   ဒီနေရာမှာ အချို့ပညာရှင်တွေကနေ “စွန့်ဦးလုပ်ငန်း”တွေကို သူတို့အခေါ် “lifestyle enterprises
(ဘဝဟန်ပန်/နေ့စဉ်ဘဝ လုပ်ငန်းများ)” ဆိုတာတွေနဲ့ ခွဲခြားထားကြပါတယ်။ ဒီလိုလုပ်ငန်းမျိုးဟာ သင့်
တင့်တဲ့ဝင်ငွေနဲ့ အောင်မြင်တိုးတက်မှုအတွက် မျှော်လင့်ထားတာတွေရှိသလို၊ တစ်ဖက်မှာကလည်း စွန့်
စားမှုနဲ့မကင်းတဲ့ လုပ်ငန်းမျိုးတွေပါ။ သို့သော် ဒါမျိုးတွေမှာကျတော့ လုပ်ငန်းရှင်ဟာ သူနဲ့ သူ့မိသားစုအ
တွက် ငွေကြေးလိုအပ်ချက်ကို လုံလောက်ပြီးကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်မယ့်လုပ်ငန်းမျိုး ရှာဖွေ
ဖွင့်လှစ်ရုံသာ လုပ်တာဖြစ်ပြီး၊ တစ်ပိုင်တစ်နိုင်ကုန်စုံဆိုင်၊ မိသားစုကြက်မွေးခြံ (သို့မဟုတ်) ဥပဒေအကျိုး
ဆောင်လုပ်ငန်း၊ အတိုအစပြင်တဲ့အိမ်ဆိုင်ငယ် စသည်ဖြင့် ဖြစ်နေနိုင်ပါတယ်။ သူတို့ဟာ အမည်ခံဆိုင်ခွဲ
တွေဖွင့်ဖို့ မရည်ရွယ်သလို၊ အောင်မြင်မှုရလာချိန်မှာလည်း လုပ်ငန်းကို အခြားသူတစ်ယောက်ဆီ အမြတ်
များများနဲ့ လက်လွှဲရောင်းချဖို့ စိတ်မကူးကြပါဘူး။ ဒါ့ပြင် ငွေပင်ငွေရင်း ရင်းနှီးမြုပ်နှံသူတွေကိုလည်း
မဖိတ်ခေါ်ပါဘူး။

   အခြားတစ်ဖက်မှာ စွန့်ဦးလုပ်ငန်းရှင်တွေကတော့ လုပ်ငန်းတစ်ခု ထူထောင်ရာကနေ နောက်တစ်ခုကို
ကူးပြောင်းသွားတာမျိုး မကြာမကြာတွေ့ရတတ်ပြီး၊ လုပ်ကိုင်ရာမှာလည်း ကျကျနန သတ်မှတ်ထားတဲ့
ဖြစ်ထွန်းတိုးပွားမှု စီမံချက်နဲ့ ထွက်ပေါက်ဗျူဟာတွေလည်း ပါဝင်လေ့ရှိပါတယ်။ သို့ပေမယ့် အချို့ပညာ
ရှင်များကျပြန်တော့ အပေါ်ကဆိုခဲ့တဲ့နှစ်မျိုးကို ခွဲခြားမှုတွေမလုပ်ပဲ၊ တစ်ပေါင်းတစ်စည်းထဲလို့ သတ်မှတ်
ထားတတ်ကြပြန်ပါတယ်။


စွန့်ဦးလုပ်ငန်းရှင်များရဲ့ကဏ္ဍ

   စွန့်ဦးလုပ်ငန်းရှင်တွေဟာ လွတ်လပ်တဲ့ဈေးကွက်အသိုင်းဝိုင်းတိုင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ
ပါဝင်ကပြလေ့ရှိပါတယ်။ စီးပွားရေးပညာရှင် Joseph Schumpeter ရဲ့အဆိုအရ - စွန့်ဦးလုပ်ငန်းရှင်တွေ
ဟာ စီးပွားရေးနယ်ပယ်ထဲမှာ ဆန်းသစ်တီထွင်တဲ့ ဖျက်ဆီးမှုစွမ်းအားတွေအဖြစ် ပါဝင်အသုံးခံကြလေ့ ရှိ
ပါတယ်။ ရှိပြီးသား စက်မှုပညာတွေ၊ ထုတ်ကုန်တွေနဲ့ လုပ်ပုံကိုင်နည်းတွေကို ဖယ်ထုတ်ပြီး၊ တန်ဖိုးပိုရှိပြီး
ပိုထိရောက်တဲ့ ထုတ်ကုန်တွေ လုပ်ပုံကိုင်နည်းတွေနဲ့ ဈေးကွက်ကို အစားထိုးတတ်ကြတယ်။ ဒီအနေထား
ကိုကြည့်ရင် စွန့်ဦးလုပ်ငန်းရှင်တွေဟာ ပြောင်းလဲမှုရဲ့ ကိုယ်စားလှယ်တွေအဖြစ် အသုံးတော်ခံကြတာကို
တွေ့နိုင်တယ်။ နမူနာကြည့်ရင် - ၁၉ ရာစုနှောင်းပိုင်းမှာ အိမ်တွေမှာ ရေနံဆီမီးအိမ်တွေအစား ပိုလင်းပြီး
ပိုသန့်တဲ့ ဓါတ်ငွေ့မီးအိမ်တွေနဲ့ အစားထိုးခဲ့တယ်။ တစ်ခါ အဲသည်ဓါတ်ငွေ့မီးအိမ်တွေဟာ အယ်ဒီဆင်ရဲ့
စွမ်းဆောင်ရည်အားပိုကောင်းပြီး လုံခြုံမှုပိုပေးတဲ့ လျှပ်စစ်မီးသီးစနစ်နဲ့ အစားထိုးခံခဲ့ရပြန်တယ်။ ဒီနောက်
ပိုင်းမှာတော့ စွမ်းဆောင်ရည်ပိုတဲ့ မီးချောင်းလို ပစ္စည်းအသစ်တွေက ထပ်ပြီး ဝင်ရောက်နေရာယူလာပြန်
တာကို တွေ့ရနိုင်ပါတယ်။

   လက်တွေ့ဘဝထဲမှာ ဒီဖြစ်စဉ်မျိုးတွေကို ထုတ်ကုန်ကဏ္ဍတိုင်းလိုလိုမှာ ထပ်ခါထပ်ခါ တွေ့နေခဲ့ကြ
ရပြီးသားပါ။ စွန့်ဦးလုပ်ငန်းရှင်တွေဟာ အဟောင်းတွေနေရာမှာ တီထွင်ဖန်တီးထားတဲ့ အသစ်အသစ်သော
အရာတွေကို လူအများသုံးစွဲလာအောင်လုပ်ပြီး အစားထိုးနေခဲ့ပါတယ်။ မိတ္တူကူးစက်၊ ကွန်ပြူတာ၊ ဆေး
ဝါးဆိုင်ရာကုထုံးတွေ စသည်ဖြင့် အားလုံးဟာ စွန့်ဦးလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းကိုင်ငန်းတွေကနေ ဆင့်
ပွားလာတဲ့ ထုတ်ကုန်တွေပါပဲ။ ဒါတင်မကပါဘူး၊ အရင်က မရှိခဲ့ဖူးတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုအသစ်
တွေကိုလည်း လူအများကို မိတ်ဆက်ပေးတတ်ပါသေးတယ်။ အဲဒီထဲမှာ ကဏာန်းတွက်စက်၊ အင်တာ
နက်၊ သန္ဓေတားဆေးနဲ့ လေဆာခွဲစိတ်ကုသမှုတွေဟာ နမူနာအချို့ဖြစ်ပါတယ်။ အသုံးဝင်လှတဲ့ မျက်ကပ်
မှန်၊ အအေးခံစရာမလိုပဲ တာရှည်ထားလို့ရတဲ့ နွားနို့ ၊ ကမ္ဘာအနှံ့ကနေ ပါဝင်လို့ရတဲ့ အင်တာနက်ပေါ်က
လေလံပွဲ စသည်ဖြင့် ခုစာဖတ်သူရဲ့ မိဘနဲ့ဘိုးဘွားတွေ စိတ်ကူးထဲတောင် ဝင်မိမှာမဟုတ်တဲ့ အရာတွေ
ကိုလည်း ပေးစွမ်းနိုင်ခဲ့ပါတယ်။

   ဒီနေရာမှာ ‘တီထွင်သူ’တွေနဲ့ ‘စွန့်ဦးလုပ်ငန်းရှင်’တို့ရဲ့ မတူညီတာကတော့ - စွန့်ဦးလုပ်ငန်းရှင်တွေဟာ
လူ့အသိုင်းဝိုင်းထဲကို အကျိုးကျေးဇူးဖြစ်စေတဲ့ တန်ဖိုးနဲ့ ရွေးချယ်စရာတွေကို သယ်ဆောင်လာပေးတာ
ပါပဲ။ ဒီလို သယ်ဆောင်လာပေးတဲ့အပိုင်းဟာ အောင်မြင်မှုအတွက် အာမခံချက်မရှိတာကြောင့်၊ အမြဲတန်း
စွန့်စားရမှုတွေ ပါရှိနေပါတယ်။

   ယေဘုယျအားဖြင့် စွန့်ဦးလုပ်ငန်းရှင်တွေဟာ လူ့အဖွဲ့စည်းအပေါ် အကောင်းဖက်ဦးတည်တဲ့ အထောက်
အကူပြုမှုတွေကို လုပ်ပေးကြပါတယ် ။ သူတို့တတွေဟာ ရှာဖွေလို့ရလာတဲ့ အခွင့်အလမ်းတွေကို အပြည့်
အဝ အသုံးချပြီး အရင်ကမရနိုင်ခဲ့တဲ့ (သို့မဟုတ်) အကန့်အသတ်နဲ့သာ ထုတ်လုပ်ဖြန့်ဖြူးနိုင်တဲ့ ကုန်
ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို စီစဉ်ဖြည့်ဆည်းပေးပါတယ်။ ဥပမာအားဖြင့် Henry Ford ရဲ့ အဦးပိုင်းကြံ
ဆမှုဟာ တစ်ချိန်က ငွေကြေးချမ်းသာသူတွေအတွက်လိုသာ ဖြစ်နေခဲ့တဲ့ မော်တော်ကားကို သာမန်မိသား
စုတွေ လက်လှမ်းမီတဲ့ အနေအထားဆီကိုရောက်အောင် ဆောင်ကြည်းပေးခဲ့ပါတယ်။ ဒါတင်မကပဲ စွန့်ဦး
လုပ်ငန်းရှင်တွေဟာ အရည်သွေးပိုကောင်းတဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကိုလည်း ဈေးသက်သက်သာ
သာနဲ့ စီစဉ်ပေးနိုင်အောင် နည်းလမ်းတွေကိုရှာဖွေပြီး၊ တွေ့လာတဲ့နည်းလမ်းတွေကို အပြည့်အဝအသုံး
ချလို့ရအောင် လုပ်ပေးကြပါသေးတယ်။ ဒီအထောက်ကူပြုမှုတွေဟာ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေး
စနစ်ကျင့်သုံးတဲ့ လူမှုအသိုင်းဝိုင်းတွေကို ကြွယ်ဝစေပြီး၊ အင်တိုက်အားတိုက်နဲ့ တက်တက်ကြွကြွရှိစေ
တာကြောင့်၊ လူအများအတွက် ပိုစိတ်ဝင်စားစရာကောင်းတဲ့ ဘဝတွေဖြစ်အောင် လုပ်ပေးတယ်လို့ ဆိုနိုင်
ပါတယ်။ သူတို့ဟာ တုန့်ဆိုင်းနေတဲ့ စက်မှုလုပ်ငန်းကဏ္ဍတွေကို တိုးတက်ပွားများနေတဲ့ လုပ်ငန်းတွေနဲ့
အစားထိုးပြီး ဝင်ငွေပိုမြင့်တဲ့ အလုပ်ကိုင်အခွင့်အလမ်းသစ်တွေကို ဖြစ်ပေါ်စေလေ့ရှိပါတယ်။

   အကယ်၍များ တစ်စုံတစ်ယောက်ဟာ စွန့်ဦးလုပ်ငန်းရှင်တွေရဲ့ အထောက်ကူပြုတဲ့ ဆောင်ရွက်မှုကို
သံသယရှိတယ်ဆိုရင်၊ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ရဲ့ ဒုတိယကမ္ဘာစစ် အပြီးကစခဲ့တဲ့ အတွေ့
ကြုံတွေကို နှိုင်းယှဉ်ကြည့်သင့်ပါတယ်။ ဒီနှစ်နိုင်ငံဟာ လူဦးရေအားဖြင့် မတိမ်းမယိမ်းပါ။ နှစ်နိုင်ငံလုံးမှာ
အားကောင်းတဲ့ ဗဟိုအစိုးရတွေရှိကြသလို များပြားတဲ့ သယံဇာတတွေလည်း ရှိပါတယ်။ မြင့်မားတဲ့ စာ
တတ်မြောက်မှုနှုန်းနဲ့ စက်မှုနည်းပညာတွေလည်း ပိုင်ဆိုင်ကြပါတယ်။ သို့ပေမယ့် စစ်ပြီးချိန်ကစပြီး နှစ်
၅၀ အတွင်း အစားစာထုတ်လုပ်မှု၊ ထုတ်ကုန်လုပ်ငန်း၊ စစ်အင်အား၊ အိမ်ယာ၊ အဆင့်မြင့်စက်မှုပညာ၊
အထွေထွေကျန်းမာရေးနဲ့ အသက်ရှည်မှု၊ တစ်ဦးချင်းဝင်ငွေ၊ အဆင့်တန်းမြင့်ပြီး အမျိုးစုံတဲ့ ကုန်ပစ္စည်းနဲ့
ဝန်ဆောင်မှုစသည်ဖြင့် အစစအရာရာ အဖက်ဖက်မှာ အမေရိကန်ကနေ ဆိုဗီယက်ကို နောက်ကျကျန်
ရစ်အောင် လုပ်နိုင်ခဲ့ပါတယ်။

   ပြန်ကြည့်လိုက်မယ်ဆိုရင် ဆိုဗီယက်ဟာ ပုဂ္ဂလိကပိုင်ဆိုင်မှုအပေါ် ဆန့်ကျင်ခြင်းအားဖြင့်၊ တီထွင်မှုကို
ဆွဲဆောင်တဲ့မက်လုံးတွေနဲ့ ငွေကြေးအခွင့်လမ်းနောက်ကိုလိုက်တာတွေကို ဖိနှိပ်ခဲ့ပြီး၊ ဗဟိုဦးစီး စီးပွားရေး
စနစ်ကျင့်သုံးခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ အမေရိကန်ဟာ မူပိုင်ခွင့်အပါအဝင် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်
ကို ဥပဒေတွေနဲ့ လုံခြုံအောင်ကာကွယ်ပေးခဲ့ပြီး၊ ဒေဝါလီခံမှုဆိုင်ရာ သတ်မှတ်ပြဌာန်းချက်တွေ ထားရှိပေး
ခြင်းအားဖြင့် ကျရှူံးမှုတွေကိုလည်း သက်သာစေပြန်ပါတယ်။ အရင်းအနှီး စီးဆင်းမှုတွေကို မချုပ်ချယ်ခဲ့
တာကြောင့်လည်း၊ ဆွဲဆောင်မှုအရှိဆုံး စွန့်စားမှု (သို့မဟုတ်) ရလာဒ်ကောင်းပုံပြတဲ့ လုပ်ငန်းတွေဆီ လို
အပ်တဲ့ ငွေပင်ငွေရင်းတွေ စီးဆင်းရွေ့ပြောင်းခွင့် ရခဲ့ပါတယ်။ တစ်နည်းအားဖြင့် အမေရိကန်ရဲ့စနစ်က
စွန့်ဦးလုပ်ငန်းရှင်တွေကို အားပေးရင်း ဂုဏ်မြှင့်ပေးနေချိန်မှာ၊ ဆိုဗီယက်မှာတော့ အကြံဥာဏ်သစ်ရှိသူ
တွေရဲ့ စွမ်းအားနဲ့ ဥစ္စာရှာမှီးမှုကို ဖိနှိပ်ထားခဲ့ပါတယ်။ အဆုံးမှာတော့ ဒီနှစ်နိုင်ငံရဲ့ အောင်မြင်မှုနဲ့ဆုံးရှူံးမှု
တွေဟာ သူတို့ရဲ့ စွန့်ဦးလုပ်ငန်းရှင်တွေကို ဆက်ဆံပုံအပေါ်မှာ အများကြီးမူတည်ခဲ့တယ်လို့ ပြောနိုင်
ကြောင်း ပဏာမ တင်ပြလိုက်ရပါတယ်။


မန်းကိုကို (Melbourne)

မှီးငြမ်းများ
(၁) Harvard Business School Publishing Corporation 2005, Entrepreneur’s Toolkit: Tools and
Techniques to Launch and Grow Your New Business, Harvard Business School Press, Boston,
p.xi-xvi.
(၂) Sobel, R 2008, The Concise Encyclopedia of Economics: Entrepreneurship, Liberty Fund,
Inc., Indianapolis, viewed 16 November 2013, http://www.econlib.org/library/Enc/Entrepreneurship.html.

No comments:

Post a Comment